International News

ပဲမျိုးစုံ ဈေးကွက်တည်ငြိမ်ရေး အင်တာနက်စင်္ကြန်စနစ်ဖြင့် အိန္ဒိယအစိုးရက ကြပ်မတ်ဆောင်ရွက်ခြင်း

Last Updated:

အိန္ဒိယပြည်တွင်း ပဲမျိုးစုံဈေးကွက်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသူများအနေဖြင့် ၎င်းတို့လက်ဝယ်ရှိ ကုန်လက်ကျန်ပမာဏကို အိန္ဒိယစားသုံးသူရေးရာဌာန၏ အင်တာနက်စင်္ကြန်သို့ တင်ပြရလျက်ရှိရာ လုပ်ငန်းရှင်ပေါင်း ၁၁၆၃၅ ဦးထံ၌ ၂၀-၉-၂၀၂၁ နေ့အထိ ပဲမျိုးစုံကုန်ချိန် ၃၀၉၇၆၉၄.၄၂ တန် ကျန်ရှိကြောင်း အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှု ရေးရာဝန်ကြီးဌာန ၃၀-၉-၂၀၂၁ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယစားသုံးသူရေးရာဌာနသည် အရေးကြီး စားသောက်ကုန် ၂၂ မျိုး၏ လက်လီနှင့် လက်ကားဈေးနှုန်းများကို စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်း၊ မူဝါဒပိုင်း စီမံခန့်ခွဲမှုအဖြစ် ကုန်စည်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် တရားမဝင်ရောင်းချမှုအား ထိန်းချုပ်ခြင်း၊ ပြည်တွင်းဈေးကွက်၌ ကုန်စည်များလွယ်ကူစွာရရှိစေရန် ပို့ကုန်၌ ကန့်သတ်လျက် သွင်းကုန်ကိုတိုးမြှင့်ရန် အားပေးလုပ်ဆောင်ခြင်း၊ အရန်စားနပ်ရိက္ခာများ ဖြည့်ဆည်းလျက် ပုံမှန် မဟုတ်သော ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ချိန်၌ အချိန်မီဖြန့်ဖြူးပေးခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ပဲမျိုးစုံ၏ ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်ရေးမှာ အဓိက အရေးပါသည့်အလျောက် ပဲမျိုးစုံ ထုတ်လုပ်ရောင်းဝယ်မှု ကွင်းဆက်၌ ပါဝင်နေသူများအနေဖြင့် ကုန်စည်အချက်အလက်စင်္ကြန်သို့ ဝင်ရောက်၍ ကုန်လက်ကျန်စာရင်း ကို ဖော်ပြစေခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းက ကုန်စည်သိုလှောင်ဈေးကစားမှုများအား စောင့်ကြည့်ကြပ်မတ်မှုကို အထောက်အကူပြုကြောင်းဖြင့် အဆိုပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါသည်။

အိန္ဒိယစားသုံးသူရေးရာဌာန၏ အချက်အလက်စင်္ကြန် https://fcainfoweb.nic.in/psp သို့ မှတ်ပုံတင်စာရင်းသွင်းလျက် ကုန်လက်ကျန်ပမာဏ ဖော်ပြသော လုပ်ငန်း ရှင်တစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားရှိပြီး ထုတ်ဖော်ကြေညာသည့် ပဲမျိုးစုံပမာဏ အချက်အလက်များကို ဗဟိုနှင့် ပြည်နယ် အစိုးရအဖွဲ့များအပြင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များက တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ရာ ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့၏ နယ်မြေဒေသအတွင်း မည်သည့်ပဲ အမျိုးအစားက ပြတ်လပ်မှုဖြစ်ပေါ်နိုင်သည်ကို ခန့်မှန်းတွက်ဆမှုပြုလျက် ပြင်ပမှ ဝယ်ယူတင် သွင်းခွင့်ပြုမည် သို့မဟုတ် အရန်သိုလှောင်ထားရှိမှုမှ ဖြန့်ဖြူးပေးရမည်ကို သုံးသပ်လျက် ကြိုတင် စီမံဆောင်ရွက်နိုင်မည်ဖြစ်သည်။ အလားတူ ဗဟိုအဆင့်၌ အိန္ဒိယစားသုံးသူရေးရာဌာနသည် လည်း နိုင်ငံတစ်ဝန်းရှိ ပဲမျိုးစုံ ကုန်လက်ကျန်အခြေအနေကို ကြည့်ရှုသုံးသပ်လျက် ချက်ချင်း လက်ငင်း တင်သွင်းစေခြင်း သို့မဟုတ် ပြည်ပတင်ပို့မှုကန့်သတ်ခြင်း သို့မဟုတ် အရန်သိုလှောင် ထားရှိမှ ထုတ်နှုတ်ဖြန့်ဖြူးစေခြင်းကို လိုအပ်ကဲ့သို့ ကြိုတင်စီမံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Over 11000 stockholders have declared pulses stock on Centre’s portal, 30-9-2021, Press Information Bureau of India

Category: International News